International News

တရုတ်နိုင်ငံ၌ တောင်ကိုရီးယားအလှကုန်များအပေါ် စိတ်ဝင်စားမှု လျော့နည်းလာသဖြင့် စျေးကွက်သစ်များရှာဖွေရန် ကြိုးပမ်းနေမှု

Last Updated:

တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းအလှကုန်လုပ်ငန်းနှစ်ခုဖြစ်သည့် LG Household & Health Care (LG H&H) နှင့် AmorePacific ကုမ္ပဏီတို့သည် တရုတ်နိုင်ငံတွင် ရောင်းအား ကျဆင်းလာခြင်းနှင့် ရှည်လျားသည့် COVID-19 ကာလအခြေအနေအရ Duty Free Shop များ၌ ရောင်းချရမှုကျဆင်းခြင်းတို့ကြောင့် ၂၀၂၁ ခုနှစ်၊ စတုတ္ထ သုံးလပတ်အတွင်း ဝင်ငွေလျော့ကျခဲ့ကြောင်း သတင်းများအရ သိရှိရပါသည်။

LG H&H ၏ စတော့ရှယ်ယာဈေးသည် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၀) ရက်နေ့တွင် (၁၃) ရာခိုင်နှုန်းကျဆင်းသွားကြောင်း၊ ထို့အတူ AmorePacific ၏ ရှယ်ယာဈေးနှုန်းမှာ လည်း (၅.၃) ရာခိုင်နှုန်းခန့် ကျဆင်းခဲ့ကြောင်း၊ NH Investment & SecuritiesMeritz Securities နှင့် Yuanta Securities Korea အပါအဝင် ပြည်တွင်းငွေချေးလုပ်ငန်းမှ ဝင်ငွေအလားအလာများကို အဆင့်နှိမ့်ချပြီး နောက် ရှယ်ယာစျေးနှုန်းများ ကျဆင်းသွားခြင်းသည် ရင်းနှီးမြှုပ်နှံသူများ၏ ခံစားချက်ကို ထိခိုက်စေကြောင်း၊ တရုတ်နိုင်ငံမှ ကုန်သည်ငယ်များသည် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်း တောင်ကိုရီးယား အလှကုန်ထုတ်ကုန်များကို အလွန်အမင်း လျှော့စျေးများတောင်းခဲ့ကြရာ LG H&H ကုမ္ပဏီ အနေဖြင့် ၎င်း၏ အမှတ်တံဆိပ်ပုံရိပ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ၎င်းတို့၏ တောင်းဆိုမှုကို ဖြည့်ဆည်းရန် ငြင်းဆိုခဲ့သည်ဟု Yuanta Securities မှလေ့လာသူ Park Eun-jung ၏ပြောကြားမှုအရ သိရှိရပါသည်။

Yuanta Securities ၏သုံးသပ်မှုအရ Amore Pacific အလှကုန်ကုမ္ပဏီအနေဖြင့်လည်း ပြည်တွင်း၌ ရောင်းချရမှု ကောင်းမွန်တိုးတက်လျက်ရှိသော်လည်း ပြည်ပ၌ရောင်း ချမှုတွင် ကျဆင်းလျက်ရှိကြောင်း၊ တောင်ကိုးရီးယားအလှကုန်ထုတ်ကုန်များ၏ လူကြိုက်များမှုမှာ ပြည်တွင်းကုမ္ပဏီများအတွက် အကြီးမားဆုံးသော ပြည်ပဈေးကွက် ဖြစ်သည့် တရုတ်နိုင်ငံတွင် ကျဆင်းလျက်ရှိကြောင်း၊ တစ်ချိန်တည်းမှာပင် တရုတ်၏ အွန်လိုင်းဈေးကွက်အတွင်း ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်တွင် မျိုးချစ်စိတ်ဖြင့် စျေးကွက်ရှာဖွေကြခြင်းကြောင့် တရုတ်အလှကုန်ကုမ္ပဏီများသည် လျင်မြန်စွာ စျေးကွက်ယှဉ်ပြိုင်နိုင်၍ စျေးကွက်နေရာရလာကြကြောင်း၊ သို့ဖြစ်၍ တောင်ကိုရီးယား အလှကုန်ကုမ္ပဏီများအနေဖြင့် စျေးကွက်ချဲ့ထွင်မှုဗျူဟာအသစ် (သို့မဟုတ်) တရုတ်နိုင်ငံပြင်ပ အခြားသောနိုင်ငံများသို့ စျေးကွက်သစ်များကို ချဲ့ထွင်ရှာဖွေကြရမည့် အချိန်ပင်ဖြစ်ကြောင်း အလှကုန်လုပ်ငန်းဆိုင်ရာ သတင်းအရင်းအမြစ်တစ်ခုမှ သုံးသပ်ပြောကြားခဲ့သည်။

ထိုသို့ အလှကုန်နည်းတူ လယ်ယာထွက်ကုန်အပါအဝင် အခြားသော ကုန်စည်များ တင်ပို့/ တင်သွင်း ကုန်သွယ်မှုလုပ်ငန်းများတွင်လည်း တောင်ကိုရီးယားနိုင်ငံသည် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုကို တန်ပြန်တွန်းလှန်လိုသည့်အတွက် အာဆီယံနိုင်ငံများအပါအဝင် အခြားသောနိုင်ငံများသို့ သက်ဆိုင်ရာကဏ္ဍအလိုက် စျေးကွက်သစ်များသို့ ကမ်းလှမ်းချဲ့ထွင်လျက်ရှိကြသည်ကို လေ့လာတွေ့ရှိရပါသည်။ သို့ပါ၍ မိမိတို့မြန်မာနိုင်ငံမှကုန်သည် လုပ်ငန်းရှင်များအနေဖြင့် သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် စေျးကွက်မိတ်ဖက် ရှာဖွေ၍ စျေးကွက်လက်ဉီးမှုရရှိနိုင်ရေးအလို့ငှာ တင်ပြလိုက်ရပါသည်။

(မြန်မ်ာစီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

ကိုးကား: The Korea Times (12-1-2022)

Category: International News